Youtube ရဲ့ CEO ဖြစ်သူ Susan Wojcicki ဟာ CEO ရာထူးကနေအနားယူဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အသိပေးလာပါတယ်။ Susan Wojcicki ကတော့ သူ့ရဲ့မိသားစုကိုအချိန်ပေးဖို့၊ ကျန်းမာရေးနဲ့ သူစိတ်ပါဝင်စားရာကိုယ်ပိုင်ပရောဂျက်တွေကို ဖန်တီးလုပ်ဆောင်ဖို့အတွက် အနားယူတာဖြစ်ကြောင်း ဖွင့်ဟပြောကြားထားပါတယ်။
၂၀၁၄ခုနှစ်မှာ Youtube ကုမ္ပဏီကို Susan Wojcicki စတင်ကိုင်တွယ်ခဲ့ချိန်ထဲက ဗီဒီယိုဖန်တီးသူတွေနဲ့ကြော်ငြာရှင်တွေကြား ဘယ်လိုcontent တွေကို တင်ခွင့်ပြုပြီး ကြော်ငြာခွင့်ပြုမလဲဆိုတာတွေ အငြင်းပွားခဲ့ဖူးပေမယ့် Youtube ကို ကမ္ဘာ့အကြီးဆုံးဗီဒီယိုဝက်ဘ်ဆိုဒ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် Susan Wojcicki ကပဲကြိုးစားပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Susan ဟာ Google Image Search နဲ့ သူ့ရဲ့ ads business ပိုင်းတီထွင်မှုကိုပါ ကူညီဆောင်ရွက်ပေးခဲ့ဖူးပါတယ်။
Youtube ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ Google နဲ့ Susan Wojcicki တို့လက်တွဲလုပ်ကိုင်ခဲ့တာ ၂၅နှစ်နီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ Google ကုမ္ပဏီကို Sergey Brin နဲ့ Larry Page တို့က Susan Wojcicki ရဲ့မိသားစုပိုင်ဂိုဒေါင်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Susanကိုယ်တိုင်ကတော့ Google ကုမ္ပဏီမှာ ၁၆ယောက်မြောက်ဝန်ထမ်းအဖြစ် စတင်အလုပ်ဝင်ခဲ့ပါတယ်။
Susan Wojcicki ရဲ့နေရာမှာ လက်ရှိ Youtube ရဲ့ Chief Product Officer အဖြစ်တာဝန်ယူလုပ်ကိုင်နေတဲ့ Neal Mohan ကို CEOအဖြစ်ခန့်အပ်သွားမှာဖြစ်ပါတယ်။ Neal Mohan ဟာ Susan Wojcicki နဲ့အတူ Youtube မှာ၁၅နှစ်ကြာ အတူတကွလက်တွဲအလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ Susan ကတော့ 'Neal ဟာ ထူးချွန်တဲ့ခေါင်းဆောင်ကောင်းတစ်ယေက်ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့လုပ်ဆောင်နေတဲ့ Shorts တွေ၊ Subscription နဲ့ Streaming ပုံစံတွေကို AI နဲ့ပေါင်းစပ်ဖို့ကြိုးစားနေချိန်မှာ Neal ဟာကျွန်မတို့အတွက်အသင့်တော်ဆုံးခေါင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်' လို့ဝန်ထမ်းတွေကိုစာရေးသားပြောကြားခဲ့ပါတယ်။ဒါ့အပြင်Susanဟာ အကြံပေးရာထူးနေရာကနေတော့ဆက်လက်အလုပ်လုပ်ကိုင်သွားဖို့ရှိကြောင်း သူကိုယ်တိုင်ထပ်လောင်းပြောကြားခဲ့ပါတယ်။
0 Comments